ဇေယျာသီရိ အောက်တိုဘာ ၂၇
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံးများ၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေး ဗွီဒီယိုခွေ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်းစည်းကမ်းစာအုပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်း လမ်းညွှန်စာအုပ်များ၊ မဲစာရင်းပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ကိုယ်တိုင်လာရောက်ထုတ်ယူခဲ့ကြသည်။
ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃) အုပ် စုရှိပြီး စုစုပေါင်း မဲရုံ(၇၄)ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း(၈၂၁၂၉)ဦးခန့် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သူစိုးထံမှ သိရသည်။
သဲစုလွင်(ဇေယျာသီရိပြန်/ဆက်)