ညောင်ဦး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မဏိစည်သူ စည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံစေရေးအတွက် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအား မီးဘေးဇာတ်တိုက် လေ့ကျင့်မှုပညာပေးသရုပ်ပြပွဲကို ယမန်နေ့ ၉ နာရီအချိန်ကအဆိုပါ စည်ပင်သာယာဈေးအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှု ပညာပေးသရုပ်ပြပွဲတွင် ညောင်ဦးမြို့နယ် ခရိုင်မီးသတ် ဦးစီးမှူး ဦးထက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်က ပွင့်လင်းရာသီဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အထူးအလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မီးသတ်ဆေးဘူးဖြင့် စနစ်တကျ ကိုင်တွယ်မီးငြှိမ်းသတ်နည်းများ၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါကသက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ခြင်းဖြင့် အကူအညီရယူဆောင်ရွက်ရန်ကိစ္စများကို ပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဈေးမီးဘေးလုံခြုံရေး အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဖိတ်ကြားထား သည့် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့်အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို မီးသတ်ဆေးဘူးဖြင့် စနစ်တကျ ကိုင်တွယ်မီးငြှိမ်းသတ်နည်းများ၊ မီးငြှိမ်းသတ်ယာဉ်ဖြင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြငြှိမ်းသတ်ခြင်းများကို ပညာပေးပြုလုပ်ဆောင်ရွက်ပြသရာ တက်ရောက်လာကြသူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒီပါလင်း