ဝမ်းတွင်းမြို့နယ် မြစ်သူငယ်ကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၃ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေး

 

မိတ္ထီလာ ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ်အတွင်းရှိ မြစ်သူငယ်ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၁၀၃ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက စီမံကိန်း၏ရည်ရွယ်ချက်၊ အကျိူးကျေးဇူးနှင့် လက်စွဲစာစောင်ပါ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာတာဝန်ခံများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်   မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို   ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်သည့် ဒါလှကျေးရွာအုပ်စု မြစ်သူငယ်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အရင်းဆပ်ကာလပြည့်မြောက်ခဲ့၍ ပြန်လည်ပေးဆပ်ခြင်းနှင့်ထုတ်ချေးခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို  မြစ်သူငယ်ကျေးရွာရှိ  စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦးအား ငွေကျပ် ၂၀.၈၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၇ ဦးအား ငွေကျပ် ၁၃.၂ သန်း စုစုပေါင်း အသင်းသား/အသင်းသူ ၁၀၃ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၄.၀၅ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)