နေပြည်တော် ဇန်နဝါရီ ၅
နေပြည်တော် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နေပြည်တော်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် စိုက်ပျိုး၊ မွေးမြူလုပ်ငန်းများအား အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်ရေး အလားအလာကောင်းများ ပြည့်စုံမှုရှိပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် စနစ်ကျသည့်စီမံခန့် ခွဲမှုများပေါင်းစပ်ဆောင်ရွက်ပါက ကုန်ထုတ်စွမ်းအား တိုးတက်လာမည့်ဒေသလည်း ဖြစ်ပါကြောင်း၊ ထုတ်ကုန်များ အဆင့်မြင့်ပြီး ဈေးကွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ပါက ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ပါ ဒေသထုတ်ကုန်များအား တင်ပို့နိုင်မှာဖြစ်ပါကြောင်း၊ ဒီလိုထုတ်ကုန်များ ထုတ်နိုင်ရေးအတွက် ကုန်ကြမ်းအများအပြား ထုတ်လုပ်မှု၊ ကုန်ကြမ်းများ သိုလှောင်ရန်၊ သယ်ယူရန်၊ ကုန်ကြမ်းများ အဆင့်မြင့်ထုတ်ကုန် အဖြစ်ပြောင်းလဲ ထုတ်လုပ်ရန်၊ ထုတ်ကုန်များအား ဈေးကွက်ရှာဖွေရန်၊ ဈေးကွက်ရရှိရေးနှင့် နိုင်ငံတော်သို့ သတ်မှတ်ထားတဲ့ အခွန်အခများ ပေးဆောင်နိုင်ရေး စသည့် လုပ်ငန်းစဉ်တစ်ခုလုံး အောင်မြင်ရေးအတွက် ကော်မတီဝင်ဌာနများ၏ လိုအပ်နေတာဖြစ်တဲ့အတွက် လုပ်ငန်းကော်မတီအား ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နေပြည်တော်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းရန် အရေးကြီးဆုံးဖြစ်ကြောင်း၊ ဌာနများအနေဖြင့် လုပ်ငန်းရှင်များအား One Stop Service အနေနဲ့ ဆောင်ရွက်ပေးနိုင်မှသာ ကော်မတီလုပ်ငန်းအောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးခမ်လျန်စွမ်းက နေပြည်တော်ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် နေပြည်တော်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များမှ စိုက်ပျိုး၊ မွေးမြူရေး ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)