တောင်ဥက္ကလာပမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

တောင်ဥက္ကလာပ ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်းမှ ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများ၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေးကိုသိရှိပြီး အနှစ်သာရကို တန်ဖိုးထားတတ်စေရန် ဟောပြောခဲ့သည်။

ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု‌လေ့လာခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)