မြင်းခြံဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသူ (၄၈) ဦး လွတ်ငြိမ်းခွင့်ရရှိ

မြင်းခြံ ဇန်နဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြေက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် မြင်းခြံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ (၄၈) ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုပေးခြင်းကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အကျဉ်းဦးစီးဌာန၊ မြင်းခြံဗဟို အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံနေရသူများမှ အကျဉ်းသား (၄၁) ဦးနှင့် အကျဉ်းသူ (၇) ဦး စုစုပေါင်း (၄၈) ဦးကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားပြီး မြင်းခြံခရိုင်ရဲတပ်ဖွဲ့ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်က ဩဝါဒစကားများ ပြောကြားခဲ့သည်။ ထို့နောက် မြင်းခြံဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် တာဝန်ရှိသူများက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသားများအား ထောင်လွတ်လက်မှတ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်နှင့် အသိပညာပေးလက်ကမ်း စာစောင်များ၊ လွတ်လူစားစရိတ်နှင့် ခရီးစရိတ်များ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်၊ မြင်းခြံဗဟိုအကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုနှင့် ပြစ်မှုဆိုင်ရာပိတ်သိမ်းမှုကြောင့် လွတ်မြောက်သွားသော အကျဉ်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)