စဉ့်ကိုင် ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနနှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ပန်းချီ၊ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးနှင့်ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းမှ နာယကနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကဗျာရွတ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား/သူများက နမိတ်ကောင်းလေးများ ကဗျာဖြင့် သံပြိုင်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြစေလိုကြောင်း၊ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးအတွက် ရာစုနှစ်ပေါင်းများစွာချီပြီး အသက်၊သွေး၊ချွေးတို့ ပေးဆပ်ကာ ရုံးကန်ကြိုးပမ်းခဲ့ကြသော ဘိုးဘွားတို့၏ ကျေးဇူးတရားတို့ကို အစဉ်အောက်မေ့သတိရကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပြပွဲ၊ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ် ပညာရေးမှူး ဦးကိုကိုကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ပထမဆု(၄)၊ဒုတိယဆု (၄)ဆု၊ တတိယဆု (၄)နှင့် အထူးဆု (၈)ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ ဆုရရှိခဲ့သော ကျောင်းသား/သူများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ပြိင်ပွဲပန်းချီလက်ရာများနှင့်၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
ကျော်စွာ (စဉ့်ကိုင်)