ဒဂုံတက္ကသိုလ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

ဒဂုံအရှေ့  ဇန်နဝါရီ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ် ၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး သမိုင်းဌာနမှ ပါမောက္ခ/ဌာနမှူးဒေါက်တာဖြူစုအောင်က ဟောပြောပေးမည့်သမိုင်းသုတေသနဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမြင့်သိန်း၏ ကိုယ်ရေး အကျဥ်းကိုဖတ်ကြားခဲ့သည်။

ထို့နောက် သမိုင်းသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမြင့်သိန်းက "လွတ်လပ်ရေးနှင့်တာဝန်" ခေါင်းစဥ်ဖြင့်ဟောပြောပေးခဲ့ရာ ပါမောက္ခချုပ်ဒေါက်တာ သာထွန်းမောင်က အမှတ်တရဂုဏ်ပြုလက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင်ဆုရရှိသူများနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင်ဆုရရှိသူများကို ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းမွှေး၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာ စန်းစန်းလွင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်က လုပ်ငန်းစွမ်းဆောင်ရည် ဆုရရှိသော ဆရာ/ဆရာမနှင့်ဝန်ထမ်းများ စုစုပေါင်း(၅)ဦးကိုဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)