တောင်ကြီး ဇန်နဝါရီ ၄
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ကျပန်းစကားပြော၊ ပုံပြင်ပြော ၊ကဗျာရွတ်၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် ပြိုင်ပွဲများကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)သည် ပြည်သူများ လာရောက်အသုံးပြုရာနေရာ တစ်ခုဖြစ်သကဲ့သို့ လူငယ်လူရွယ်များ လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရန်အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ လာရောက်ဆောင်ရွက်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပြိုင်ပွဲများသည် နိုင်ငံသားတိုင်းက အထွတ်အမြတ်ထားရ သည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို လူငယ်များ သိရှိစေရန် နှင့် လူငယ်များအတွင်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ မြင့်မားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ်အယူအဆများနှင့်နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များနှင့် ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်သဖြင့် လူငယ်များအနေဖြင့် အစဉ်လေ့လာသင်ယူနေရန်လိုအပ်သကဲ့သို့ အတတ်ပညာအသိပညာနှင့်ပြည့်စုံပြီး အနာဂတ်တွင် နိုင်ငံတော်ကအားကိုးအားထားပြုနိုင်မည့်သူ များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြော၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အကဲဖြတ်အမှတ်ပေးခဲ့ကြသည့် ဒိုင်အဖွဲ့များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ဆုရကျောင်းသားကျောင်းသူများက ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားများက အာရှသူရဲကောင်းဗိုလ်ချုပ်အောင်ဆန်းတေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)