ထန်းတပင်မြို့နယ်၌ မျိုးစေ့ချကိရိယာ(Seeder)၊ ကောက်စိုက်စက်တို့ဖြင့် နွေစပါးလက်တွေ့ စိုက်ပျိုးပြသကာ ဘောင်စနစ်ပျိုးထောင် စိုက်ပျိုးနည်းစနစ်များအား ဒေသခံတောင်သူများကို အသိပညာပေး

ထန်းတပင် ဇန်နဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများစပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်၊ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်အတွက် ယမန်နေ့က  မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးလက်တွေ့ စိုက်ပျိုးပြသပေးခြင်း၊ ကောက်စိုက်စက်ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသပေးခြင်းနှင့် ဘောင်စနစ်ဖြင့် စပါးပျိုးထောင် စိုက်ပျိုးနည်းစနစ်များ လက်တွေ့စိုက်ပျိုးပြသပေးခြင်းကို စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဧက (၃၈၁)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ရေပေါ်သောင်ကျေးရွာကွင်းရှိ တောင်သူဦးစံမောင်နှင့်တောင်သူ ဦးအောင်ဌေးမြင့်၏ နွေစပါးစိုက်ဧကတွင် ကျင်းပပြုလုပ်သည်။

နွေစပါးလက်တွေ့စိုက်ပျိုးပြသပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်တို့က စပါးမျိုးစေ့ချကိရိယာ စီဒါ(Seeder)အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများ၊ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးရခြင်း၏အကျိုးကျေးဇူးများနှင့် ဘောင်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်းအကျိုးကျေးဇူးများကို တက်ရောက်လာကြသည့် ဒေသခံတောင်သူများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား နွေစပါးကိုမျိုးစေ့ချကိရိယာ (Seeder)၊ ကောက်စိုက်စက်တို့ဖြင့် လက်တွေ့စိုက်ပျိုးပြသပေးခဲ့ကြပြီး ဘောင်စနစ်ဖြင့် စပါးပျိုးထောင်နည်း စနစ်များကိုလက်တွေ့ စိုက်ပျိုးပြသပေးခဲ့ကြပြီး နွေစပါး လက်တွေ့စိုက်ပျိုးပြသပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)