မှော်ဘီမြို့နယ်၌(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်လှစ်

ရန်ကုန်  ဇန်နဝါရီ  ၄

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊ မီးသွေးဖုတ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးဦးက ကျေးဇူးတင်စကား​များ ပြန်လည်ပြောကြားသည်။

ထို့နောက် ကွန်ကရစ်လမ်းသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ ဆပ်သွားတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျင်အေးနှင့်မီးသွေးဖုတ်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီဝင် ဦးနိုင်ဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကွန်ကရစ်လမ်းကို မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ      ဦးမြင့်နိုင်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

အဆိုပါကွန်ကရစ်လမ်းကိုကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃- ၂၀၂၄)ခု ဘဏ္ဍရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ်သိန်း (၁၅၀)၊ ပြည်သူ့ထည့်ဝင်ငွေကျပ် (၁၀)သိန်း စုစုပေါင်း (၁၆၀)သိန်းဖြင့် လမ်းအရှည် (၇၇၄)ပေ၊ အကျယ်(၈)ပေ၊ (၆)လက်မထုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်းဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေအိမ်ခြေ(၁၈၀)ရှိ ကျေးလက်နေပြည်သူ(၇၅၀)ဦးတို့ ၏ ရာသီမရွေးသွားလာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)