ဥတ္တရသီရိမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စာသင်ဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအား နှစ်စဉ်လွတ်လပ် ရေးနေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးကိုရရှိဖို့အတွက် အသက်၊ သွေး၊ ချွေးတွေရင်းနှီးပြီး အရယူခဲ့သည့်ဖြစ်စဉ်များအား တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို ကျောင်းသား၊ကျောင်းသူများသိရှိနိုင်စေရန်  ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အမှာစကားပြောကြားခဲ့ပြီး နေပြည်တော် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာဦးရဲမွန်ကျော်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းမှုသမိုင်းကြောင်းများကို ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဟောပြောဆွေးနွေးပေးသည့် နေပြည်တော် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ ဦးရဲမွန်ကျော်အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေး အစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ကျောင်းသား၊ကျောင်းသူများက ခင်းကျင်းပြသထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောက်တိုင်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသည့်ပုံများနှင့် ပြိုင်ပွဲဝင်ဓာတ်ပုံများ၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့်စာအုပ် စာစောင်များအား ရေလှိုင်းသဏ္ဍာန် ပုံဖော်ခင်းကျင်းပြသခြင်း၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ခါးလှည့်ကွင်းဖြင့်ဆော့ကစားခြင်း စသည့်ပျော်ရွှင် ဖွယ်ဂိမ်းများကစား၍ အနိုင်ရရှိသူအား စာရေးကိရိယာနှင့် မုန့်များပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)