နောင်ချိုမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

နောင်ချို အောက်တိုဘာ ၂၇

ကျောက်မဲခရိုင်၊   နောင်ချိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ​ရွေးကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုမည့် မဲရုံသုံးပစ္စည်းများနှင့်  ကြိုတင်ဆန္ဒမဲလက်မှတ်များကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့မဲရုံသုံးပစ္စည်းများနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို  ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများက  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များထံသို့  စနစ်တကျ ထုတ်ပေးခဲ့ကြသည်။

နောင်ချိုမြို့နယ်တွင်မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်နှင့်ကျေးရွာ(၃၅)အုပ်စု၌ မဲရုံပေါင်း (၈၁)ရုံ တွင် မဲရုံအဖွဲ့ဝင် (၁၅၂၈)ဦးအပြင် မဲရုံတစ်ရုံလျှင် စေတနာဝန်ထမ်း (၅)ဦးနှုန်းဖြင့် အားဖြည့်ကာ အထွေထွေရွေးကောက်ပွဲကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊နောင်ချို ပြန်/ဆက်