စဉ့်ကူးမြို့တွင် မြစိမ်းရောင် (အသားကဏ္ဍ) ဒေသနွားမွေးမြူရေး ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲအပ်ပွဲ ကျင်းပ

စဉ့်ကူး ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် မြစိမ်းရောင် (အသားကဏ္ဍ) ဒေသနွားမွေးမြူရေး ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စဉ့်ကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပသည်။

အခမ်းအနားတွင် စဉ့်ကူးမြို့နယ် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က အမှာစကား ပြောကြားသည်။ ထို့နောက် စဉ့်ကူးမြို့နယ်ရန်ပုံငွေကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး Dr.ကျော်နိုင်ဦးက မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်းဖြင့် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားနပ်ရိက္ခာများ ဖူလုံစွာ စားသောက် နေထိုင်နိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးတက်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ မြစိမ်းရောင်(အသားကဏ္ဍ) ဒေသနွား မွေးမြူရေး ကျေးရွာတည်ထောင်ခြင်း စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာကော်မတီ တာဝန်ခံများအနေဖြင့် လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားကြရန်လိုကြောင်းတို့ကို အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စဉ့်ကူးမြို့နယ် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက မြစိမ်းရောင်(အသားကဏ္ဍ) ဒေသနွားမွေးမြူရေး ကျေးရွာစီမံကိန်းဆောင်ရွက်မည့် စဉ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာမှ ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီထံသို့ နိုင်ငံတော်မတည် ရန်ပုံငွေ ကျပ်သန်း(၃၀)ကို ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စဉ့်ကူးမြို့နယ် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝါးရုံကုန်းကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)