ကျောက်ပန်းတောင်း အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသုံးပြုရန်၊ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများအတွက် မဲရုံသုံး ပစ္စည်းများကို ယနေ့နံနက် (၉) နာရီအချိန်က ဆည်ပေါက်ကျေးရွာရှိ မဲရုံသုံးပစ္စည်းများထားရှိရာ၊ စိုက်ပျိုးရေးဂိုထောင်တွင် စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။
မဲရုံသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝမ်းတင်က တာဝန်ခံ ထုတ်ပေးနေခြင်းဖြစ်ပြီး၊ နယ်မြေခွဲအလိုက် တာဝန်ခွဲဝေပေး မည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စနစ်တကျထုတ်ယူခဲ့ကြပြီး၊ မိမိတို့တာဝန်ကျရာ နယ်မြေခွဲများတွင် စုရပ်အလိုက် ထပ်ဆင့် ထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ မဲရုံသုံး ပစ္စည်းများကို ပုပ္ပားနယ်မြေခွဲရှိ ကျေးရွာ အုပ်စု ၂၇ အုပ်စုအတွင်းရှိမဲ ရုံ(၈၂)ရုံ၊ ပွေးကျစ်နယ်မြေခွဲရှိကျေးရွာအုပ်စု (၂၅)အုပ်စု အတွင်းမှ မဲရုံ(၉၃)ရုံနှင့် လက်ပံပျားနယ်မြေခွဲရှိ ကျေးရွာအုပ်စု(၃၃)အုပ်စုမှ မဲရုံ(၁၀၁)ရုံအတွက် လိုအပ်သည့် မဲပုံး၊ လုံခြုံရေး ကြိုး၊ အမှန်တံဆိပ်တုံး၊ မှင်ခံခုံ၊ ပေတံ၊ ဘောလ်ပင် အစရှိသည့် ပစ္စည်း(၂၈)မျိုးကို ထုတ်ပေးခြင်းဖြစ်ပြီး၊ အောက်တိုဘာ(၂၉) ရက်နေ့မှစတင်၍ ကြိုတင်မဲပေးလိုသည့် မဲဆန္ဒရှင် ပြည်သူ များအတွက် ဆန္ဒမဲလက်မှတ်များကိုပါတစ်ပါတည်း ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ကျောက်ပန်းတောင်းနယ်မြေခွဲအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၄၀) မှ မဲရုံ (၁၂၄) ရုံအတွက် မဲရုံ သုံးပစ္စည်းများကို အောက်တိုဘာ(၂၈) ရက်နေ့တွင် ထပ်မံ ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)