ပူတာအို ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ကျောင်းသားကျောင်းသူများ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်စွမ်းရည်မြင့်မားလာစေရန်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ(၃)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းဆရာ/မများနှင့်ကျောင်းသားကျောင်းသူစုစုပေါင်း(၇၀)ဦးခန့်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအနေဖြင့် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲတို့ကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူစုစုပေါင်း(၁၅)ဦးတို့က လွတ်လပ်ရေးနေ့၊ လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင်၊ လွတ်လပ်ရေးနေ့ဒို့မမေ့စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူစုစုပေါင်း(၁၅)ဦးတို့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်မှ “ပြည်တွင်းစည်းလုံးညီညွတ်မှုသာလျှင် အဓိကအကျဆုံးဖြစ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူစုစုပေါင်း(၁၆)ဦးတို့က လွတ်လပ်ရေးနှင့်သက်ဆိုင်သည့်ပန်းချီများဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ ခရိုင်ဦးစီးမှူးနှင့် အကဲဖြတ်ဒိုင်အဖွဲ့ ဆရာ/မများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသားကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)