နေပြည်တော် ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ဟောပြောသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများအား အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများပြုလုပ်ပေးပြီး တာဝန်ရှိသူများက ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြပြီး ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)