တံတားဦးမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တံတားဦး ဇန်နဝါရီ ၃

တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ နေ့ကြီး ရက်ကြီးများအကြောင်းသိရှိနိုင်ရေးနှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ပြိုင်ပွဲများကျင်းပပေးရခြင်းမှာ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိစေရေးနှင့် လွတ်လပ်ရေးနေ့အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးအတွက် လွတ်လပ်ရေးနေ့နှင့်ပတ်သက်ပြီး ပုံပြင်ပြောပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ကျောင်းသား/သူများက မိမိတို့လေ့လာထားသည့် လွတ်လပ်ရေးနေ့အကြောင်း ကဗျာများဖြင့်လည်း ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောစောင်များကို ဖြန့်ဝေပေးကြသည်။

အဆိုပါအခမ်းအနားသို့ တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူများ ဆရာ/မများ၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ကြပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)