နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ပေး

နမ့်စန်(အောက်တိုဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အလိုက် ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ယနေ့ မွန်းတည့် ၁၂ နာရီမှစတင်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးစံသောင်း အတွင်းရေးမှူး ဒေါ်မျိုးမျိုးအောင် နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့အတွင်းရှိ မဲရုံများရှိ ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် နယ်မြေ (၁၊၂)နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစု လွှတ်တော်တို့အတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက်  ၁၁ ခုနှင့် ကျေးရွာအုပ်စု ၂၀ ခုတို့၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ၉၁၆၉၆ ဦးရှိပြီး အသက် ၆၀ နှစ် နှင့်အထက်မဲဆန္ဒရှင်များ ၊ ဆေးရုံ တက်ရောက် နေသူများ၊ အချုပ်ခံနေရသူများ၊ နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ်ကျော်လွန်၍ ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့်သူများစသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်း သိရသည်။

သူရအောင် (ပြန်/ဆက်)