သန်လျင် အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၉၅၂ ဦးရှိပြီး သေဆုံးသူ ၂၆ ဦးရွိကာ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၈၇ ဦးအထိရှိလာပြီကြောင်း ယမန်နေ့ ညနေပိုင်းက သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုအထောက်အကူပြုကော်မတီမှ သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့ရာမှ ရောဂါပိုးကူးစက်ခံရသူ များနှင့် ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုမရှိဘဲ ရောဂါပိုးကူးစက်ခံရသူများလည်းရှိလာသဖြင့် သန်လျင်မြို့နယ် အတွင်း ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများအား ထိန်းချုပ်နိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုအထောက်အကူပြုကော်မတီများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပြည်သူများ ပူးပေါင်းကာ မြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များအား ပြည်သူများသိရှိလိုက် နာနိုင်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် ရပ်ကွက်နှင့်ကျေးရွာများအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ပါးစပ်နှာ ခေါင်းစည်း Mask များ စနစ်ကျတပ်ဆင်ရေး၊ လက်များအားစနစ်တကျဆေးကြောရေးတို့အား အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးခြင်းများအပါအဝင် စားသောက်ရေး အခက်အခဲရှိသော ပြည်သူများသို့ အခြေခံစားသောက်ကုန်များ စုပေါင်း လှူဒါန်းပေး လျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးဝါးကုသမှုခံယူနေရသူ စုစုပေါင်း ၇၃၉ ဦးရှိပြီး ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ ၉၀၀ နီးပါးအား စောင့်ကြည့်စခန်းများဖြစ်သော နည်းပညာ တက္ကသိုလ် (သန်လျင်)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ အ.ထ.က (၄)၊ အ.ထ.က (၂)၊ အ.ထ.က (၁) နှင့် မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးအပါအဝင် စောင့်ကြည့်စခန်း ၆ ခုတို့၌ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးအတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပမထွက်ကြရန်နှင့် မဖြစ်မနေထွက်ရပါက ပါးစပ်နှင့်နှာခေါင်းတို့အား လုံခြုံစွာ Mask တပ်ဆင်သွားကြရန်၊ လူစုလူဝေးရှိရာနေများသို့ မသွားကြရန်၊ မည်သည့်အရာကိုမဆို ကိုင်တွယ်ပြီးပါက လက်အားရေနှင့်ဆပ်ပြာတို့ဖြင့် ဆေးကြောကြရန်အပြင် ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် သက်ဆိုင်ရာမှ တိုက်တွန်းနှိုးဆော်ထားရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)