မချမ်းဘောမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့်လက်ကမ်း စာစောင်များဖြန့်ဝေ

မချမ်းဘော ဇန်နဝါရီ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၄ခု နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ ညနေ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်ကြရန် ငယ်စဥ်မှစ၍ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အလေးထားကြရန်နှင့် လွတ်လပ်ရေးအဓိပ္ပာယ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များကို ထည့်သွင်းဟောပြောခဲ့သည်။

ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။ အဆိုပါ လက်ကမ်း စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သို့ ပေးပို့သော သဝဏ်လွှာကောက်နုတ်ချက်များ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ စည်းလုံး ညီညွတ်မှုသာလျှင် အဓိကအင်အားစာစုများ၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန် စာစုများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ် ချက်များ၊ လွတ်လပ်ရေးနေ့ဆိုသည်မှာ ကောက်နုတ်ချက်များ ပါဝင်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)