ကျောက်ဆည် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကျင်းပရာတွင် ကျောင်းအုပ်ဆရာမကြီးနှင့် အတန်းပိုင်ဆရာမများဦးဆောင်၍ ပူပေါင်းဖောက်၊ အာလူးကောက်၊ အပြေး စသည့် အားကစားနည်းများဖြင့် အတန်းစဉ်အလိုက် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲအပြီးတွင် အားကစားပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား စုံညီပွဲတော်တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်းများနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ နိုင်ငံတော်၏ နေ့ထူးနေမြတ်များအကြောင်း သိရှိစေရန်၊ ကျောင်းနေပျော်၍ ပညာတော်စေရန်၊ ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်များနှင့် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်များ ကြံ့ခိုင်ကျန်းမာလာစေရေး၊ သက်လုံကောင်း၍ မောခံနိုင်ရေး၊ ဦးနှောက်နှင့်အာရုံကြောအားကောင်း၍ ဉာဏ်ရည်ထက်မြတ်စေရေး၊ ကိုယ်ခံ စွမ်းအားမြင့် တက်စေပြီး ရောဂါများကာကွယ်စေနိုင်ရေး၊ စိတ်ကြည်လင်လန်းဆန်းစေရေးနှင့် ကျန်းမာကြံ့ခိုင်သော ဘဝများပိုင်ဆိုင်စေရေး၊ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)