မြစ်ကြီးနား ဇန်နဝါရီ ၃
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပသော မြို့ပြစနစ်တစ်ခု ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ဝိုင်းမော်မြို့ မြို့ဝင်မုဒ်ဦးနေရာရှိ တြိဂံမြေနေရာ၌ မြို့ဝင်မုဒ်ဦးနှင့် အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဝိုင်းမော်မြို့ ကမ်းနားလမ်း၌ အများပြည်သူအပန်းဖြေအနားယူနိုင်ရေး We Love WaingMaw ဆိုင်းဘုတ်တပ်ဆင်ထားပြီး River View အဖြစ် မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်များ ပုံဖော်စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ အားကစား လေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ မြို့ရေပေးဝေရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ရေစင်တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့အတွင်းရှိ ဧရာမော်ပန်းခြံအတွင်း မြေယာ ရှုခင်းပြုပြင်ပြီး အလှပန်းပင်များ စိုက်ပျိုးထားရှိမှု၊ ကလေးကစားကွင်းငယ်နှင့် ရေပန်းဥယျာဉ်များ ဆောင်ရွက်ထားရှိမှုနှင့် အဆိုပါပန်းခြံအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆက်လက် အလှပြုပြင်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဝိုင်းမော်မြို့အထွက် မြစ်ကြီးနား- ဗန်းမော်သွားကားလမ်းဘေး၌ စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိသည့် မြို့ဝင်ဆိုင်းဘုတ် အလှပြုပြင်ဆောင်ရွက်ထားရှိမှု၊ ဆိုင်းဘုတ်ဧရိယာခြံဝင်းခတ်၍ အလှပန်းပင်များ ပုံဖော်စိုက်ပျိုးဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လမ်းဘေး မြေကွက်လပ်တွင် မြေယာရှုခင်းပြုပြင်ပြီး မြက်ခင်းနှင့် အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက ဝိုင်းမော်မြို့သည် မြစ်ကြီးနား-ဗန်းမော်သွားလမ်း၊ တရုတ်နယ်စပ်ဂိတ် ကန်ပိုက်တီသွားလမ်းပေါ်တွင် တည်ရှိသည့် မြို့တစ်ခုဖြစ်သည့်အတွက် တိုးတက်မှု မြန်ဆန်သကဲ့သို့ သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြေနေစေရန် စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်သွားကြရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)