ညောင်ဦးမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ကျင်းပ

ညောင်ဦး ဇန်နဝါရီ  ၃

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညောင်ဦးမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်း၍ ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲသို့ ညောင်ဦးမြို့နယ်အတွင်းရှိ မွေးစမှ (၆)လအတွင်းရှိ ကလေးများ၊ (၆)လမှ (၁)နှစ်အတွင်းရှိ ကလေးများ၊ (၁)နှစ်မှ (၁နှစ်၆လ) အတွင်းရှိ ကလေးများ၊ (၁နှစ်၆လ)မှ (၂)နှစ်အတွင်းရှိ ကလေးများ ပါဝင်ယှဉ်ပြိုင်ရာ ညောင်ဦးမြို့ ကျန်းမာရေးဝန်ထမ်းများက ကလေးများ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းများနှင့် လိုအပ်သည်များကို ဆောင်ရွက်ကြသည်။

ထို့နောက် ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရွှေစင်ထိုက်က ဆုရွေးချယ်မှုနှင့် ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်မှ ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲတို့ နှစ်စဉ်နှစ်တိုင်း နေ့ထူးနေ့မြတ်များတွင် ကျင်းပပေးခဲ့ကြောင်း၊ ယခုနှစ်တွင် နှစ်မွှာပူး မိခင်သုံးဦးတို့အားလည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း ဆောင်ရွက်ခဲ့မှု မှတ်တမ်းများအား ပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက ဆုရရှိသည့် ကလေးများအား သက်တမ်းအလိုက် ဆုများချီးမြှင့်ခြင်း၊ အမွှားပူးဆု ချီးမြှင့်ခြင်း၊ စံပြမိခင်ဆု ချီးမြှင့်ခြင်းနှင့် ပြိုင်ပွဲဝင်ကလေးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း