ရမည်းသင်း ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ကျောင်းသူ လူငယ်များအား လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ ကျင်းပခြင်းကို ရှင်းလင်းပြောကြားပြီး Youth Club အသင်းဥက္ကဋ္ဌ ဦးအေမင်းမြတ်မှ ပြိုင်ပွဲစည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရမည်းသင်းမြို့၊ လကရ(၃) အခြေခံပညာအထက်တန်းကျောင်းခွဲ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၂)ဦးတို့မှ (၇၆)နှစ်မြောက် လွတ်လက်ရေးနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲကြသည်။
ဆက်လက်၍ ရမည်းသင်းခရိုင် ပြန်/ဆက်၊ရုံးဝန်းအတွင်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြတို့ကို ပြသရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်