ချမ်းမြသာစည်မြို့နယ် အမှတ်(၇)အ.ထ.ကကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၃

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သော လူငယ်များ‌ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူတမ္ပခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်ခင်စန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက "လူ့အခွင့်အရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက "လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေက "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ပူးပေါင်းဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများ၊ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၁၈၉)ဦး ခန့်တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက  ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များကိုစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် အခမ်းအနားတွင် (၇၆)နှစ်မြောက်လွတ်လပ်‌‌ရေး‌နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့