စဉ့်ကူးမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

စဉ့်ကူး ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရွှေကူကြီး အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ အမျိုးသားညီညွတ်ရေး (ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်)၊  လွတ်လပ်ရေးနှင့် အချုပ်အခြာမျိုးချစ်စိတ်နှင့် ကာကွယ်ပါ၊ မြန်မာနိုင်ငံသားတို့၏ မွေးရာပါတာဝန်၊ ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ မြင်းမူမောင်နိုင်မိုး ရေးသားသည့် “လွတ်လပ်ရေးဆိုသည်မှာ” ကဗျာ အစရှိသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများ ပါဝင်သည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ ရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန်အတွက် နေ့ထူးနေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်များအား အခမဲ့ ငှားရမ်းပေးခြင်း၊ စာအုပ်ပြပွဲများ ပြသပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)