ငါန်းဇွန် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခြင်းနှင့် မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲများ၏ အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၁၅)ဦး၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၁၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား/ သူများအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆရာမများနှင့် ကျောင်းသား/သူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော သုတရသ စာအုပ်စာစောင်များ၊ ရုံးရှေ့နံရံကပ်စာစောင်နှင့် မြေစိုက်ဘုတ်တွင် ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း၊ မိသားစု ဓာတ်ပုံများနှင့် နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား စိတ်ဝင်စားစွာ လှည့်လည်ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)