နမ့်စန် (တ) ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သံဃာတော်များအား ကျန်းမာရေး စစ်ဆေးကုသပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈နာရီခွဲက အမှတ် (၄) ရပ်ကွက်ရှိ သုခိတာရုံ ပရိယတ္တိစာသင်တိုက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက သံဃာတော်နှင့် ရှင်သာမဏေများကို ကျန်းမာရေးစစ်ဆေးကုသပေးနေမှုကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးစိုင်းထွန်းထွန်းမင်းနှင့် ရပ်ကွက်မှတာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် သုခိတာရုံပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တနရိန္ဒနှင့် သံဃာ ၅ပါး၊ ရှင်သာမဏေ ၄၃ ပါး စုစုပေါင်း (၄၉)ပါးကို ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်ထံမှ သိရသည်။
သူရအောင်(နမ့်စန်)