မိုင်းကိုင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး စည်းကြပ်ဒိုင်အဖွဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ဇန်နဝါရီလ ၄ ရက်နေ့၌ ဆက်လက်ကျင်းပမည့် ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ စည်ကားသိုက်မြိုက်စွာ ပါဝင်နိုင်ရေး၊ ဆုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ စည်းကြပ်ဒိုင်များ၏ ကဏ္ဍအလိုက် တာဝန်ခွဲဝေမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဒိုင်လူကြီးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက အသေးစိတ်ညှိနှိုင်း ဆွေးနွေးမှုများဆောင်ရွက်ပြီး ဆုံးဖြတ်ချက်များ အသီးသီးချမှတ်ခဲ့ကြသည်။
မိုင်းကိုင်မြို့နယ်တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖြစ်သော ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သော အခြေခံပညာကျောင်းများ၏ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိထားသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များကို ပျော်ပွဲရွှင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကျင်းပ၍ ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)