နေပြည်တော် ဇန်နဝါရီ ၃
နေပြည်တော် စားသုံးဆီဖြန့်ဖြူးရောင်းချရေးဆိုင်ရာအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီက ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးခမ်လျန်စွမ်း၊ ခရိုင်စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ မြို့နယ်စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှု ကော်မတီဝင်များ၊ ဥက္ကဋ္ဌများ၊ နေပြည်တော် MSME အသင်းအဖွဲ့ဝင်များ၊ မြို့နယ် MSME အသင်းဥက္ကဋ္ဌများ၊ နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်များနှင့် မြို့နယ် ဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက စားသုံးဆီဖြန့်ဖြူးရောင်းချရေးကိစ္စများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်စားသုံးဆီဖြန့်ဖြူး ရောင်းချရေး ကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်(၇) ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ သက်ဆိုင်ရာမြို့နယ် ကြီးကြပ်မှုကော်မတီဝင်များမှ မြို့နယ်အလိုက်ကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြ၍ တက်ရောက်လာသည့် ဆီလုပ်ငန်းရှင်များမှ နေစဉ်ဆီဖြန့်ဖြူးရောင်းချရာ၌ ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)