ထန်းတပင်(ရန်ကုန်)၊ အောက်တိုဘာ ၂၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြိုတင်၍ ကာကွယ်နိုင် ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အခြေခံပညာကျောင်း စင်တာလေးခုနှင့် တက်သစ်တိုက်နယ်ဆေးရုံတို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှုများကို ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာလေးခုနှင့် တက်သစ်တိုက်နယ်ဆေးရုံသို့ ရောဂါကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာဝန်ထမ်းများ အတွက် အလှူငွေများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
လှူဒါန်းမှုများ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းထားသည့် ရောဂါကြိုတင်ကာကွယ်သုံး ဝတ်စုံ (PPE)အစုံ (၁ဝဝ)၊ နှာခေါင်းစည်းအခု(၅၀)ပါ (၁၀)ဘူး၊ လက်အိတ်အစုံ(၅၀)ပါ (၁၀)ဘူး နှင့် လက်သန့်ဆေးရည်(၆)လုံးပါ (၅)ကတ်တို့ကို တက်သစ်တိုက်နယ်ဆေးရုံနှင့် အခြေခံပညာ ကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများဖြစ်သည့် (အ.လ.က)ခွဲရွာသစ်၊ အ.ထ.က (ထန်းတပင်)၊ အ.ထ.က(ခွဲ) အုတ်ဖိုနှင့် အ.ထ.က(ခွဲ)အတွင်းရေကျော်စင်တာတို့မှ တာဝန် ရှိသူများထံသို့ ပြန်လည်၍ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းမှ လည်း တက်သစ်တိုက်နယ်ဆေးရုံနှင့် အခြေခံပညာကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာများဖြစ်သည့် (အ.လ.က)(ခွဲ) ရွာသစ်၊ အ.ထ.က(ထန်းတပင်)၊ အ.ထ.က(ခွဲ)အုတ်ဖိုနှင့် အ.ထ.က(ခွဲ)အတွင်းရေကျော် စင်တာ လေးခုတို့တွင် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် စေတနာဝန်ထမ်း များအတွက် စင်တာတစ်ခုလျှင် အလှူငွေကျပ်(၅)သောင်းနှုန်းဖြင့် စုစုပေါင်း အလှူငွေကျပ် နှစ်သိန်း ခွဲကို စင်တာမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)