ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် ပြည်သူများ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းများနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများကြွယ်ဝစေရေး ယနေ့နံနက်(၉)နာရီက  စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်စားသုံးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးဇော်မင်းလတ်က ပြည်သူများအနေဖြင့် မိမိတို့ဝယ်ယူခဲ့သည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုရှိခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်၊ ဈေးကွက်အတွင်းရှိပစ္စည်းများကို ပြည်သူများ စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိကြောင်းနှင့်  နစ်နာဆုံးရှုံးမှုများရှိပါက ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိကြောင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသော ပစ္စည်းများအတွက် ဝန်ဆောင်မှု/အာမခံချက်၊ အရည်အသွေး သတ်မှတ်ချက်များအား ရိုးရှင်းမှန်ကန်သောအချက်အလက်များကို ရှင်းလင်းရောင်းချရန်၊ ဝယ်ယူသူများအား ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံပြီး စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာရောင်းချစေရေး၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ထုတ်လုပ်ရောင်းချသောပစ္စည်းများအပေါ် အာမခံချက်များပေးရန် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် အသိပညာပေးဟောပွဲအပြီးတွင် ပြည်သူများကသိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးဇော်မင်းလတ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)