ရွာငံ အောက်တိုဘာ ၂၇
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ကျော်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းတို့မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဥပဒေ နည်းဥပဒေများ၊ ကိုဗစ် -၁၉ ရောဂါကိုကြိုတင်ကာကွယ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် တရားမျှတသော ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် ဆောင်ရွက်သွားရန်စသည်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဒေါ်ပြည့်ဖြိုးသန့်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် အရေးကြီးသောကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စံ ၅ ချက်နှင့်အညီ ပွင့်လင်းမြင်သာပြီး လွတ်လပ်မျှတစွာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းနှင့် မဲရုံပြင်ပလုပ်ငန်းဆိုင်ရာများကို ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရန် ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ရွာငံမြို့နယ်ရှိ ရွာငံ၊ မြိုင်ကျေးရွာ၊ မြင်းကျဒိုးကျေးရွာ၊ မြို့ကြီးကျေးရွာများတို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ခြင်းဖြစ်သည်။ ရွာငံမြို့နယ်တွင် မဲရုံ စုစုပေါင်း (၅၂)ရုံရှိပြီး ရွေးချယ်ခံကိုယ်စားလှယ်လောင်း ၂၅ ဦးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၆၁၆၁၄ ဦးခန့်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)