ငါန်းဇွန်မြို့ အမှတ်(၄)အ.မ.က၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဆောင်ရွက်

ငါန်းဇွန် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုနိုင်က ကျောင်းသား/သူများအား လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက ကိုယ်လက်လှုပ်ရှား အားကစားနည်းလမ်းများ၊ သက်ရှည်ကျန်းမာဖို့ နေ့စဉ်လမ်းလျှောက် အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အသိပညာပေး လက်ကမ်းစာ‌စောင်များကို ကျောင်းသား/သူများအား ဖြန့်ဝေပေးအပ်ခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူအခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားပြီး လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း၊ မိသားစုဓာတ်ပုံများနှင့် နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ စသည့်အသိပညာပေး အကြောင်းအရာများကို ပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရစာအုပ်စာစောင်များကို ကျောင်းသား/သူများက လေ့လာကြည့်ရှုကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)