မိုင်းဆတ် ဇန်နဝါရီ ၃
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ကာနစံပြကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဒေါ်မြင့်သီတာဟန်က ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ကာနကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ဦးအောင်စောက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၃)သန်းဖြင့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဖြင့် ကာနကျေးရွာအတွင်း ဆောင်ရွက်ခဲ့သည့် လမ်းအရှည်ပေ(၃၈၀)၊ အကျယ်(၁၂)ပေ၊ (၆)လက်မထုရှိ ကွန်ကရစ်လမ်းသစ်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဒေါ်မြင့်သီတာဟန်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)