မိုင်းယောင်းမြို့၌ မြေငှားဂရန်ထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြေငှားဂရန်ထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက မုန်းလိုက်ကျေးရွာတွင် တတိယအကြိမ် မြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်ဝေတင့်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝင်းခိုင်၊ စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးသက်ပိုင်ထူး၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းအောင်ခမ်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မြို့နယ်တာဝန်ခံ ဒေါ်နန်းကိန်ခိုင်နှင့် တက်ရောက်လာသည့် လမ်းနယ်နိမိတ်တိုင်းတာရေးကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြေပြင်ကွင်းဆင်းကောက်ယူထားသည့် စာရင်းများမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသက်(၁၈)နှစ် ပြည့်လာမည့်သူများစာရင်း မှန်ကန်မှုရှိစေရေး လုပ်ငန်းဆောင်ရွက်နေမှုအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း