(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ

သာစည် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင်(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့်ပြည်သူပူးပေါင်း ဆောင်ရွက်သော ကြာဘက်ကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါလမ်းမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြသည်။ ဆက်လက်ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစန်းယုကကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ဗိုလ်မှူးတေဇာမြင့်နှင့်ဦးစိုးဝင်းအောင် မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းနှင့် ကြာဘက်ကုန်းကျေးရွာ VDP စီမံကိန်းကော်မတီ ဥက္ကဋ္ဌဦးမြင့်လှိုင်တို့က ကွန်ကရစ်လမ်းအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ အဆိုပါ ကွန်ကရစ်လမ်းမှာ လမ်းအရှည် ၆၄၃ ပေ၊ လမ်းအကျယ် ၁၂ ပေနှင့်ထု ၆ လက်မရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(VDP)စီမံကိန်းရန်ပုံငွေနှင့် ပြည်သူများပူးပေါင်းပါဝင်မှုတို့ ဖြင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။ 

အလားတူ နံနက် ၈ နာရီခွဲက(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့အမှတ်(၁)ရပ်ကွက် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းရှိ အလျား ၁၂၀ ပေ၊အနံ ၃၀ ပေရှိ  steel structure တစ်ထပ် မဉ္ဇူကျောင်းဆောင်သစ်အား ဖွင့်လှစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)