ချမ်းအေးသာစံ ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Mandalay Region Chamber of Commerce & Industry- MRCCI) နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာရှင် အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ MSME လုပ်ငန်းများနှင့် စက်မှုလက်မှု လုပ်ငန်းတို့တွင် များစွာအထောက်အကူဖြစ်သည့် ဆိုလာနည်းပညာနှင့် တပ်ဆင်ခြင်းအခြေခံသင်တန်းကို ကျွမ်းကျင်သောလက်တွေ့ဆောင်ရွက်နေသည့် သင်တန်းဆရာများက စာတွေ့လက်တွေ့ပို့ချပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှသိရသည်။
“ဆိုလာလျှပ်စစ်စွမ်းအင် နည်းပညာကို စနစ်တကျသုံးစွဲတတ်စေဖို့နဲ့ ဆက်စပ်ပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုင်တွယ်တပ်ဆင်တတ်လာစေဖို့ ရည်ရွယ်ချက်နဲ့သင်တန်းကို ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်၊ လုပ်ငန်းနယ်ပယ်အသီးသီးမှာ လက်တွေ့ဆောင်ရွက်နေတဲ့ ကျွမ်းကျင်ပညာရှင်တွေက သင်ပေးမှာပါ၊ ဆိုလာတပ်ဆင်ခြင်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်ခြင်း၊ လျှပ်စစ်စွမ်းအင် စနစ်တကျသုံးစွဲ တွက်ချက်နိုင်ခြင်း၊ ဆိုလာစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုမှုကြောင့် ကမ္ဘာကြီး ပူနွေးမှုလျှော့ချနိုင်ခြင်းကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုခြင်းစတဲ့ အကျိုးကျေးဇူးတွေရလာမှာဖြစ်ပါတယ်”ဟု MRCCI မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လှလှကပြောသည်။
သင်တန်းတွင် နေနှင့်အလင်းစွမ်းအင်ဆိုင်ရာ၊ ဆိုလာဆဲလ်များဆိုင်ရာ၊ အင်ဗာတာများနှင့် ဘက်ထရီများဆိုင်ရာ၊ ထိန်းချုပ်မှုများဆိုင်ရာ အခြေခံအကြောင်းအရာများ၊ ဆိုလာ၊ အင်ဗာတာ ဘက်ထရီများနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ အခြေခံအကြောင်းအရာများ၊ အိမ်သုံးဆိုလာစနစ် ဒီဇိုင်းတည်ဆောက်ခြင်း၊ တွက်ချက်ခြင်း၊ တပ်ဆင်ခြင်းဆိုင်ရာ အခြေခံအကြောင်းအရာများအား ကဏ္ဍတစ်ခုချင်းအလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သက်မွေးပညာရပ်တစ်ခုအနေနဲ့ သင်ပေးတာဖြစ်တဲ့အတွက် ပညာအရည်အချင်းကန့်ချက်မရှိပါဘူး၊ အတတ်ပညာကိုတန်ဖိုးထားပြီး တစိုက်မတ်မတ်နဲ့ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားရင် ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းစွာအသုံးချနိုင်မှာပါ၊ သင်တန်း ဖွင့်လှစ်ခြင်း အောင်မြင်မှုအပေါ်မူတည်၍ MRCCI အသင်းရဲ့ရည်မှန်းချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ၊ သင်တန်းတွေဖွင့်လှစ်ပေးခြင်းဖြင့် နိုင်ငံအတွက်လိုအပ်နေတဲ့ အသိပညာရှင် အတတ်ပညာရှင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမှာ များစွာအထောက်အကူဖြစ်ပါတယ်” ဟု ဆက်လက်ပြောသည်။
သင်တန်းအား ချမ်းအေးသာစံမြို့နယ် ၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၊ ရတနာပုံစူပါစင်တာ (စတုတ္တထပ်)ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၅ ရက်နေ့မှစတင်၍ ဇန်နဝါရီ ၁၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသားလက်ခံခြင်းကို ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်