ကျောက်တံတား ဇန်နဝါရီ ၃
အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အကြောင်း အသိပညာပေးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း (PHF)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျောက်တံတားမြို့နယ် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းခန်းမတွင် ကျင်းပြုလုပ်သည်။
ပြိုင်ပွဲများနှင့် ဟောပြောပွဲအခမ်းအနားတွင် မြို့နယ်ပြန်ဆက်ဦးစီးမှူး ဦးရဲနောင်ချစ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာမ ညွန့်ညွန့်(ကလော)နှင့် စာရေးဆရာမ သင်းလဲ့လဲ့ထွန်းတို့က ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ယနေ့လူငယ်များနှင့် လက်တစ်ကမ်းက E - စီးကရက်အန္တရာယ်အကြောင်း သိကောင်းစရာများကို အသီးသီးအကျယ်တဝင့်ဆွေးနွေးပြီး ဆေးရွက်ကြီးအစားထိုး ရိက္ခာသီးနှံစိုက်ပျိုးခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပရာ Grade -4 နှင့် Grade – 5 ကျောင်းသားကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲမှ ဆုရ ကျောင်းသား/ ကျောင်းသူများအား ကျောင်းအကျိုးတော်ဆောင်အဖွဲ့နာယက ဦးသိန်းနိုင်ကလည်းကောင်း၊ ပန်းချီပြိုင်ပွဲမှ ဆုရ ကျောင်းသား၊ ကျောင်းသူများအား စာရေးဆရာမ ညွန့်ညွန့်(ကလော)၊ စာရေးဆရာမ သင်းလဲ့လဲ့ထွန်းနှင့် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ အခမ်းအနားအပြီးတွင် ပြသထားသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီး အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။
ကေတီကျော်သောင်း