မိုင်းယုမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ပြင်ဆင်ခြင်းနှင့်အတူ အားကစားပြိုင်ပွဲများ ကြိုတင်ကျင်းပ

မိုင်းယု ဇန်နဝါရီ ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ပြင်ဆင်ခြင်းနှင့်အတူ အားကစားပြိုင်ပွဲများ ကြိုတင်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အားကစားကွင်း၌ ပြုလုပ်လျက်ရှိသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ပြင်ဆင်ခြင်းသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး ကြီးကြပ်မှုဖြင့် အားကစားကွင်းအား ဌာနဆိုင်ရာအဖွဲ့များ၊ ဒေသခံပြည်သူများပါဝင်ကာ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အားကစားပြိုင်ပွဲအတွက် ထုံးတားစည်းမျဉ်းများဖောက်ခြင်း၊ ချောတိုင်များပြင်ဆင်ခြင်း၊ ဧည့်ခံနေရာချထားရေးများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နေလျက်ရှိကြသည်။

အလားတူ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့် လူငယ်အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကြိုတင်ပြိုင်ပွဲ ကျင်းပပေးနေလျက်ရှိရာ အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်ကစားနေလျက်ရှိကြောင်းနှင့် ဇန်နဝါရီ ၄ ရက်နေ့တွင်ကျင်းပမည့် အားကစားပြိုင်ပွဲများမှာ ပိုက်ကျော်ခြင်း၊ ချောတိုင်တက်၊ လွန်ဆွဲ၊ သံပုံးရိုက်နှင့် ကျောင်းသား၊ ကျောင်းသူများက အာလူးကောက်၊ မီတာတိုအပြေးများပါဝင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်