ကျောက်ဖြူ ဇန်နဝါရီ ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေငန်ပုစွန်သားဖောက်စခန်းမှကြီးမှူး၍ ရေငန်ပုစွန်သားပေါက်ကောင်ရေ(၁၅)သိန်း မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟံစိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရေငန်ပုစွန်သားဖောက်စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြပြီး ရေငန်ပုစွန်သားဖောက်စခန်းတာဝန်ခံ ဦးရွှေကျော်အောင်က အခမ်းအနားတက်ရောက်လာသူများကို မျိုးစိုက်ထည့်မည့် ရေငန်ပုစွန်သားပေါက်များပေးအပ်ကာ ငလပွေ့ချောင်း သဘာဝဒီရေတောအတွင်းသို့ ရေငန်ပုစွန်သား ပေါက်ကောင်ရေ (၁၅)သိန်းကို မျိုးစိုက်ထည့်ခဲ့ကြသည်။
ငါးလုပ်ငန်းဦးစီးဌာန၊ ကျောက်ဖြူရေငန်ပုစွန်သားဖောက်စခန်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပထမအကြိမ် ရေငန်ပုစွန်သားပေါက်ကောင်ရေ ငါးသိန်းအား မျိုးစိုက်ထည့်ထားပြီးဖြစ်ကာ ယခုအခါ ဒုတိယအကြိမ်မြောက် ရေငန်ပုစွန်သားပေါက်ကောင်ရေ ဆယ့်ငါးသိန်းအား မျိုးစိုက်ထည့်ခြင်းဖြစ်ပြီး စုစုပေါင်း ရေငန်ပုစွန်သားပေါက်ကောင်ရေ သိန်းနှစ်ဆယ်အား ငလပွေ့ချောင်း သဘာဝဒီရေတောအတွင်းသို့ မျိုးစိုက်ထည့်ပြီးဖြစ်သည်။ ယင်းသို့မျိုး စိုက်ထည့်ခြင်းဖြင့် မိမိတို့ ဒေသတွင် ငါး/ပုစွန်သယံဇာတများ မျိုးပြုန်းတီးမှုမရှိစေပဲ ပေါများလာမည်ဖြစ်ကာ သဘာဝရေပြင်အတွင်း ငါး/ပုစွန်များပေါများစွာ တည်ရှိနေခြင်းကြောင့် ဒေသခံများမှာလည်း အလုပ်အကိုင်အခွင့်အလန်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရေငန်ပုစွန်သားဖောက်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)