ရမည်းသင်း ဇန်နဝါရီ ၃
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်ဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမြင့်မြင့်မော်နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်သည့် အထူးကုဆရာဝန်များအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီက ရမည်းသင်းမြို့နယ်၊ ရွာတန်းသဲကျွန်းကျေးအုပ်စု၊ ရွာတန်းသဲကျွန်းကျေးရွာ၊ သစ္စာရတနာခန်းမတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသပေးခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်က မကူးစက်တတ်သောရောဂါများ အကြောင်းကိုလည်းကောင်း၊ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာပြည့်စုံမင်းက သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်နည်းစနစ်များကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်တတ်သောရောဂါများ အကြောင်းကို လည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် ရွာတန်းသဲကျွန်းအုပ်စုရှိ ပြည်သူ(၅၅၉)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် စမ်းသပ်ကုသပေးခဲ့ကြရာ ကိုယ်ဝန်ဆောင်သားဖွား (၂၉)ဦး၊ ခွဲစိတ်အထူးကုဌာနတွင် (၂၆)ဦး၊ ကလေးအထူးကုဌာနတွင်(၃၈)ဦး၊ အရိုးအကြောအထူးကုဌာနတွင်(၁၈၁)ဦး၊ သွားနှင့်ခံတွင်းဌာနတွင် (၅)ဦး၊ ဓာတ်မှန်ရိုက်(၁၅)ဦး၊ အထွေထွေကုသရာတွင်(၂၅၆)ဦး စုစုပေါင်း(၅၅၀)ဦးတို့ကို စမ်းသပ်ကုသပေးနိုင်ခဲ့ကြောင်း၊ ၎င်းတို့အနက် (၂၇) ဦးကို ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်း ကုသမှုပေးခဲ့ကြောင်း၊ မကူးစက်တတ်သော ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင် ၅၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးကုသရာသို့ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ရမည်းသင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြဉ္ဇူမြင့်နှင့် အဖွဲ့ဝင်များက အာဟာရပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်