မိုင်းကိုင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီးနောက် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အ.ထ.က(မိုင်းကိုင်)၊ အ.ထ.က-ခွဲ(မိုင်းကိုင်)၊ အ.လ.က(ပတ်ကတ်) ကျောင်းများမှ မြို့နယ်အဆင့် ကျောင်းကိုယ်စားပြု အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က မိမိတို့ကျရာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် တာဝန်ရှိသူများ ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစာင်များအား အခမဲ့ဖြန့်ဝေခြင်း၊ "လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်" ခေါင်းစဉ်ဖြင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲပြခန်းကို ဖွင့်လှစ်ပြသခြင်းများ ဆောင်ရွက်ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)