ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပရဟိတလူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE Level 2 ဝတ်စုံများ လှူဒါန်း

ဒဂုံ(အရှေ့)၊ အောက်တိုဘာ ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ် များတွင် အသုံးပြုရန် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ PPE Level 2 ဝတ်စုံများအား ပရဟိတအသင်းအဖွဲ့များသို့ ခွဲဝေလှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ZEP Electronic သုံးစွဲသူများ အရောင်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းမိသားစု များမှ လှူဒါန်းခဲ့သော PPE Level 2 ဝတ်စုံ (၇၅)စုံအား အမှတ် (၁၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကိုမှ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိသော မီးအိမ်ရှင် ပရဟိတလူမှုကူညီရေးအသင်း၊ မေတ္တာသင်္ဂဟ လူမှုကူညီရေးအသင်း၊ သွေးလူငယ် သွေးအလှူရှင်အသင်းအဖွဲ့များသို့ အသင်းတစ်သင်းလျှင် (၁၀)စုံဖြင့် ပြန်လည်ခွဲဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိသော Volunteer များ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိရာ အဆိုပါ PPE Level 2 ဝတ်စုံများအား လိုအပ်သည့် ပရဟိတလူမှုရေး အသင်းအဖွဲ့များသို့ ပြန်လည်ခွဲဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် လူမှုကူညီရေးလုပ်ငန်းများနှင့် အတူ ရပ်ကွက်အတွင်း ဆင်းရဲနွမ်းပါး အိမ်ထောင်စုများအတွက် အလှူရှင်များနှင့် ပူးပေါင်း၍ အခြေခံ စားသောက်ကုန်များ လှူဒါန်းပေးခြင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)