ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဆံတော်ရှင် ဆူးလေစေတီတော်ကြီး၌ ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၁) ရက် နံနက် ၅ နာရီခွဲက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဆံတော်ရှင်ဆူးလေစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒစရိယ ဆရာတော်ကြီးများ၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ “နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး အခမ်းအနားကိုဖွင့်လှစ်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) စာချနာယကဆရာတော် ဘဒ္ဒန္တဇဝနမှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားပင့်ပူဇော်ခြင်း၊ စာချနာယကဆရာတော် ဘဒ္ဒန္တဝိမလမှ နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်းနှင့် ဗဟန်းမြို့နယ်သာသနာရေးမှူးက ကန်တော့ပွဲများကို နတ်များအား ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍတိ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရထံမှ ပရိတ်သတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ဆံတော်ရှင်ဆူးလေစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဆရာတော်များနှင့် ပရိတ်သတ်များကဣတိပိသော အစချီသော ရတနာမြတ်သုံးပါးဂုဏ်တော်များကို ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျဘာဏက သံဃာတော်အရှင်သူမြတ်တို့က ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါ ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ရွက်ဖတ်ပူဇော်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုး (၄၂) ဆုတွင် (၁၂၆) ရက်တိုင် ဆက်တိုက်ရွတ်ဖတ်ပူဇော်မည်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)