တောင်ကြီး ဇန်နဝါရီ ၃
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ကြက်သား/ ကြက်ဥလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ကြက်သား/ကြက်ဥများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ယမန်နေ့နံနက်ပိုင်းမှစ၍ တောင်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များနှင့် ခရိုင်မြို့နယ် စုပေါင်းရုံးများသို့ လှည့်လည်ရောင်းချပေးခဲ့သည်။
ထိုသို့ ရောင်းချပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ တောင်ကြီးမွေးမြူရေးဇုံကော်မတီနှင့် တောင်ကြီးမြို့နယ်အတွင်း ကြက်သား/ကြက်ဥ မွေးမြူထုတ်လုပ်ရောင်းချလက်ရှိသော လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ တောင်ကြီးမြို့နယ်အတွင်းရှိ တောင်ကြီးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် ခရိုင်မြို့နယ်စုပေါင်းရုံးများရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး၊ ဝန်ထမ်းသက်သာချောင်ချီရေး ကြက်သား(CP)တစ်ပိဿာလျှင် (၇၅၀ဝိ/-)နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၁၈ဝိ/-) နှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ရာ ကြက်သား(CP) (၂၈၈)ပိဿာနှင့် ကြက်ဥ(၁၂၆၀၀)လုံး ဝယ်ယူအားပေးခဲ့ကြောင်းနှင့် အဆိုပါ ကြက်သားနှင့် ကြက်ဥများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုကို တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)