ဟိုပုံး ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ ဟဲလုံဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟွေ့တက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ပေါင်လင်းကျေးရွာအုပ်စု၊ ဟဲလုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများ၊ ဟွေ့တက်အခြေခံပညာအလယ်တန်ကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ၊ ဒေသခံပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြန်ကြားရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ သတင်းတု၊ သတင်းအမှား အကြောင်းအရာများကိုလည်းကောင်း၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေး ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်းရမည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ထွန်းက မီးခိုးမြူငွေ့၊ စွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်အန္တရာယ် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က သဘာဝဘေးအန္တရာယ် အကြောင်းအရာများကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ထွန်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်တို့က ပတ်ဝန်းကျင်ထိန်းသိမ်းအကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အမေး၊ အဖြေများပြုလုပ်၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)