လယ်ဝေးမြို့နယ်ရုံးတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

လယ်ဝေး ဇန်နဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် မူလတန်းကျောင်းသား ကျောင်းသူလေးများက လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ကြယ်သီးတပ်ပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲများကျင်းပရာ၊ ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဦး ဝင်ရောက်ယှဥ်ပြိုင်သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများအား ကျင်းပရာ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅၇ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ယနေ့ကျင်းပသည့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)