ပန်းခင်းစီမံချက် အဆင့် (၂) အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်

ရန်ကုန် ဇန်နဝါရီ ၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံး၏ ပန်းခင်းစီမံချက် အဆင့် (၂) အောင်မြင်ပြီးမြောက်ကြောင်းနှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားပေးအပ်ပွဲကို ဇန်နဝါရီလ (၁) ရက်နေ့မွန်းလွဲပိုင်းက သန်လျင်ခရိုင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် သန်လျင်မြို့နယ်အတွင်းဆောင်ရွက်ရန် (၆၇၂၁) ဦးလျာထားခဲ့ပြီး သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းအဆင့်(၂)လျာထားချက် ရာနှုန်းပြည့်ပြီးစီးသည့် မြို့နယ် (၁၃) မြို့နယ်ရှိပြီး သန်လျင်မြို့နယ်သည် (၁၀) မြို့နယ်မြောက်လျာထားချက် ရာနှုန်းပြည့်ပြီးစီးသည့်မြို့နယ်ဖြစ်ကြောင်း ပန်းခင်းအဆင့် (၃) စီမံချက်ကိုလည်း ဇန်နဝါရီလ (၁) ရက်မှ စက်တင်ဘာ (၃၀) ရက်နေ့ထိ (၉) လတာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်းခင်းစီမံချက်များ အောင်မြင်စေရေး ဝိုင်းဝန်းကူညီသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမောင်မောင်သန်းက နိုင်ငံသားစီစစ်ရေးကဒ်များကို တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများသို့ ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီးနောက် Biometric Data ကောက်ယူနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)